
12,000 Ks
ဂီတသံစဉ်တွေအပေါ် အခြေတည်ပြီး သိကျွမ်းခဲ့ကြတဲ့ “အတာ” နဲ့ “နီလာ”။ တဖက်မှာလည်း ဂီတကို ရူးသွပ်မြတ်နိုးသူ “အုပ်စိုး” နဲ့ သူ၏ ချစ်ရသူ “မြသီတာ”။
ဒါပေမဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ ကံကြမ္မာကြောင့် “အုပ်စိုး” နဲ့ “ဒေါ်နီနီဇော်”(နီလာ) တို့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းထဲမှာ အသက်အရွယ်နဲ့မဆိုင်ဘဲ ဆန်းကြယ်လှတဲ့ အချစ်ရဲ့သဘောတရားကို မြင်တွေ့ရမှာပါ။
အုပ်စိုးနဲ့ ဒေါ်နီနီဇော်တို့ အပြန်အလှန် ခေါ်ကြတဲ့ “ရှေရီ” နဲ့ “နူးနူး” ကြားက ဆက်ဆံရေးမှာ “ရှေရီ” ကို အောင်မြင်စေချင်တဲ့စိတ်နဲ့ အရာရာ ဖြည့်ဆည်းပေးတတ်တာတွေက သဘောကျစရာ ကောင်းလှပါတယ်။
“Give and Take” သဘောမျိုး မဟုတ်ဘဲ၊ မိခင်လိုရော ချစ်သူလိုပါ “နူးနူး” က ချစ်ပေးခဲ့တာပါ။
ဒါပေမဲ့ “နူးနူး” ကို ချစ်ပေမဲ့ ငယ်စဉ်က ချစ်ဦးသူ “မြသီတာ” ဆီ စိတ်ရောက်လိုက်၊ “နူးနူး” ရဲ့ လောင်းရိပ်ထဲ ရောက်နေတယ်လို့ ထင်ပြီး မကျေမနပ် ဖြစ်နေတတ်တဲ့ “ရှေရီ” ရဲ့ စိတ်နေစိတ်ထားကိုလည်း အားမလိုအားမရ ဖြစ်မိစေပါတယ်။
“နူးနူး” ရဲ့ အရိပ်အောက်က သစ်ပင်ကလေး မဖြစ်လိုတဲ့ “ရှေရီ” ရဲ့ ဆန္ဒတွေ ပြည့်သွားတဲ့အခါမှာရော တကယ်ပဲ ပျော်ရွှင်သွားပါ့မလား။
“ရှေရီ” က “နူးနူး” ကို အပြစ်တစ်ခုလို တွေးခဲ့ပေမဲ့၊ “ရှေရီ” ဆိုတဲ့ ယောကျားတစ်ယောက်ကြောင့် အသက်ရှင်သန်နေခဲ့ရတဲ့ “နူးနူး” ကို သနားမိရပါတယ်။
“နူးနူး” ကတော့ နီးနီး ဝေးဝေး သူမ ပျိုးထောင်ခဲ့တဲ့ သစ်ပင်လေး ရှင်သန်ဝေဆာအောင် ဆက်လက် ကြိုးစားနေဦးမယ့် အမျိုးသမီးတစ်ယောက်အဖြစ် ထင်ဟပ်နေပါတယ်။
ဆရာမဂျူးရဲ့ စာအုပ်တွေက တွေးရင် တွေးသလောက် ကျယ်ပြန့်ပြီး တစ်အုပ်နဲ့တစ်အုပ် မတူဘဲ ဆန်းကြယ်နေတတ်တာကြောင့်၊ ရသစာအုပ်ကောင်း နှစ်သက်သူတွေအတွက်
ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်ကို ထိထိမိမိ သိရှိရမယ့် စာအုပ်လေး ဖြစ်ပါတယ်။