

10,000 Ks
"တွန်းလှည်းကြိတ်သံ တဂျီဂျီ
ခြေသံရှပ်ရှပ်
ဆေးဝါးရနံ့ ၊ ငိုကြွေးနံ့တွေနှင့်
အဖြူရောင်ဝတ်စုံတွေကြား
အသက်ရှူပိုက်ကိုရှိုက်ရင်းနဲ့ငါ
မသေဆုံးပါရစေနဲ့။
ငါကိုယ်တိုင်မြင်နေရတဲ့ငါ့ခန္ဓာကို
ဘယ်သူတစ်ဦးတစ်ယောက်မှ
မျက်ရည်ပိတ်ဖြူမအုပ်စေနှင့်
သူ့ဘာသာသူလွတ်လပ်ပါစေ။
လွန်စွာသန့်ရှင်းစင်ကြယ်သော
ငါ့ဖခင်ဘုရားသခင်က ငါ့ပေါ်မိုး၍
ကောင်းချီးပေးလိမ့်မည်။
သင်တို့လည်းနာယူပါ
သတိ….မငိုပါနဲ့။
ငါ့အသားအရိုး ၊ အဖြူရောင်သွေးတွေနဲ့
သနံ့ရည်တွေထည့်ဖို့
အနက်ရောင်သေတ္တာရှည်တစ်လုံး
မဝယ်ပါနဲ့
အနက်ရောင်ကိုငါမုန်းတယ်။
ခေါင်းတလားထဲပန်းတွေထည့်ပြီး
ငါနဲ့အတူ လောင်ကျွမ်းမပစ်လိုက်ပါနဲ့
ပြာအိုးယူဖို့မမျှော်ပါနဲ့
သံစားမီးက ငါ့အသားကိုမဝါးနိုင်ဘူး။
ဝါးစိမ်းနက်နက်ခြောက်ကွက်ယက်ပြီး
မြစ်ဆုံမြစ်ခွမျောမချလိုက်ပါနဲ့
အပြစ်မဲ့တဲ့ရေကိုသနားပါ။
ငါ့ကိုခေါ်သွားမယ့်လေကိုအားနာပါ။
ငါ့ခန္ဓာကစစ်ချမယ့် အရည် နဲ့ အနံကို
ငါတာဝန်မယူနိုင်ဘူး။
အရယ်အပြုံးတွေကင်း
ဝမ်းနည်းမှုနဲ့ငိုကြွေးမှုတို့ မရှင်သန်တဲ့နေရာ
ထာဝရမဖြစ်တည်တဲ့နေရာမှာပဲ
ငါ့ခန္ဓာတစ်ကိုယ်စာကို တူးဆွယက်ဖော်ပေးပါ။
ငါ့ခေါင်းတည့်တည့်ကိုနေမင်းဖုံးတဲ့အချိန်
လေးအေးတစ်ချက် ဝေ့ဝိုက်တဲ့အခါ
အဲဒီအချိန်မှာအားလုံးပြုံးရယ်ရင်း
ငါ့ကိုမြေဖို့ပေးကြပါတော့။
ပြီးတော့…..
ခနော်ခနဲ့ မှတ်တိုင်အစား
ငါ့နှလုံးသားတည့်တည်းပေါ်
သစ်ရာတစ်ပင်လောက်စိုက်ပေးလျင်ဖြင့်
သင်တို့တာဝန်ကျေပါပြီ။
…….တာဝန်ကျေပါပြီ။
မတည်မြဲတဲ့ငါ့ခန္ဓာကို
တည်မြဲသယောင်ထင်တဲ့မြေထုထဲသို့ပဲ
တိုးဝှေ့ပစ်လိုက်တော့မယ်ကွယ်…
ငါ့ကို…ခွင့်လွှတ်ကြပါ…..
ခွင့်လွှတ်ကြပါ…..
ခွင့်လွှတ်ကြပါ…..
နှုတ်ဆက်ခဲ့ပါတယ်….
နောက်ပြီး…မင်းတို့အားလုံးကိုလည်း
ငါစောင့်နေမယ်
မင်းတို့အခုမမြင်နိုင်သေးတဲ့
တစ်နေရာမှာပေါ့…။
သွားပြီ၊
ထာဝရထွက်ခွာသွားပြီ၊
ငါ့ကိုလက်ခုပ်လက်ဝါးတီးပြီးအားပေးကြပါ။
ကမ္ဘာသစ်တစ်ခုခုမှာပဲ
ပြန်တွေ့ကြတာပေါ့နော်…
ဟုတ်တယ်မလား
အဲ့ဒီရောက်မှတွေ့ကြမယ်။
ကမ္ဘာဦးလူသားတွေအနေနဲ့ပေါ့……"
စိတ်ကူးယဉ် Fantasy ဆန်တယ်ဆိုပြီး လက်တွေ့ဘဝနဲ့ အလှမ်းဝေးမယ်လို့ ထင်မှတ်ထားရင်တော့ ဒီစာအုပ်က သင့်အတွေးတွေကို ပြောင်းလဲပစ်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အမှန်တကယ်ပဲ တည်ရှိနေတဲ့ ဆန်းကြယ်လှတဲ့ မြို့တစ်မြို့အကြောင်းကို အခြေခံပြီး တည်ဆောက်ထားလို့ပါပဲ။
ဘဝမှာ ပတ်ဝန်းကျင်ရဲ့ ငြင်းပယ်မှုတွေ၊ အသိုင်းအဝိုင်းရဲ့ သဘောမတူညီမှုတွေကြောင့် မိမိတို့ ဇာတိချက်ကြွေရာ လူးကပ်(စ်) မြို့လေးကနေ လက်တွဲပြီး ထွက်ပြေးလာခဲ့ကြတဲ့
ချစ်သူနှစ်ဦးဖြစ်တဲ့ ဇီနို နဲ့ ဂျုဂျူး။ သူတို့နှစ်ယောက်ဟာ ပဟေဠိဆန်လှတဲ့ ဖြစ်တည်မှုတွေရှိကြတဲ့ အဖိုးအို ကော့လုခ်နဲ့ သနားစရာကောင်းတဲ့ ကောင်လေး ဝိုဒင်တို့ရဲ့ လမ်းညွှန်ကူညီစောင်မမှုတွေကြောင့်...
တစ်ခါမှ ခြေမချဖူးတဲ့ အဝေးတစ်နေရာက လာဆာ (Lhasa) မြို့တော်ကြီးဆီကို ရောက်ရှိသွားခဲ့ကြပါတယ်။
ဒါပေမဲ့ ဝင်ခွင့်ရဖို့ ခဲယဉ်းလှတဲ့ အဲဒီ လာဆာမြို့တော်ကြီးထဲမှာ သူတို့ကို ဘယ်လိုထူးဆန်းတဲ့ အလှည့်အပြောင်းတွေက ဆီးကြိုနေမလဲ?
တစ်နှစ်တာရဲ့ နေ့ရက်တွေထဲမှာ တစ်ရက်တည်းသာ ထိမ်းမြားခွင့်ပြုတဲ့ ထူးခြားဆန်းပြားလွန်းတဲ့ လက်ဆက်ပွဲကြီးရဲ့ လျှို့ဝှက်ချက်ကကော ဘာဖြစ်မလဲ?
ဒါတင်မကဘဲ အမြဲတမ်း လက်တစ်ဖက်အေးခဲနေတတ်တဲ့ အဖိုးအို ကော့လုခ်နဲ့ ဒီမြို့တော်ကြီးကြားမှာ ဘယ်လိုမျိုး နက်နဲတဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေသလဲဆိုတာကို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့ အနှစ်သာရတွေအပြင် ဘဝသက်တမ်းတစ်လျှောက် ဘာတစ်ခုမှ ပြည့်ပြည့်စုံစုံ မပိုင်ဆိုင်ခဲ့ရတဲ့ ဝိုဒင်ဆိုတဲ့ ကောင်လေးက
သူ့ရဲ့ နောက်ဆုံးခရီးကို ဘဝရဲ့တစ်ခုတည်းသော ပြည့်စုံခြင်းအဖြစ် ပုံဖော်တမ်းတထားတဲ့ "စိတ်ကြိုက် သချိုင်း" ဆိုတဲ့ ကဗျာရှည်ကြီးကလည်း
စာဖတ်သူရဲ့ နှလုံးသားကို အလွမ်းဓာတ်ခံအပြည့်နဲ့ ညို့ယူဖမ်းစားထားပါသေးတယ်။
စာရေးဆရာ သိုးဆောင်းရဲ့ ဖန်တီးမှုအောက်မှာ စဉ်းစားတွေးတောစရာ ဒဿနတွေ၊ ပဟေဠိဆန်တဲ့ ဇာတ်ကွက်ဇာတ်အိမ်တွေနဲ့
စာဖတ်သူကို ခံစားချက်အသစ်တွေ ပေးစွမ်းနိုင်မယ့် လက်ရာမွန်တစ်ခုဖြစ်ပါတယ်။