
12,000 Ks
“အေသင်မိုး၏ မှတ်စုစာအုပ်
အခွင့်မရှိ မကိုင်ရ။ ခိုးမဖတ်ရ။”
ဇာတ်ကြောင်းတစ်ခုလုံးကို အဓိကဇာတ်ကောင်ဖြစ်တဲ့ အေသင်မိုးရဲ့ အတွေးရှုထောင့်သက်သက်ကနေပဲ ရေးဖွဲ့ပြသွားတာ ဖြစ်ပါတယ်။
အေသင်မိုးရဲ့ အတွေးစတွေက တစ်ခါတလေမှာ မွန်းကျပ်ဝမ်းနည်းစရာကောင်းသလို၊ တစ်ခါတလေမှာလည်း ရင်ခုန်ကြည်နူးစရာ ကောင်းလှတာကြောင့် စာဖတ်သူကိုပါ
ထိုအတွေးတွေနောက် လိုက်ပါရင်း ရင်မောစေပါတယ်။
ဒီစာအုပ်ထဲမှာပါတဲ့ “မမခက်” ကတော့ စာအုပ်တွေကို မြတ်နိုးပြီး စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။
ဇာတ်လမ်းထဲက အချိန်ကာလဟာ အင်တာနက်ဆိုင်တွေမှာ Email နဲ့ ဆက်သွယ်ပြောဆိုကြတဲ့ ခေတ်ကာလဖြစ်ပြီး “အေသင်မိုး၊ ယုယ၊ ဇီဇဝါ၊ မမခက်၊ ဉာဏ်သာ၊ ဟန်သာ” တို့ကြားက
အပြန်အလှန် ပေးပို့ကြတဲ့ စာလေးတွေကိုပါ တစိမ့်စိမ့် ခံစားဖတ်ရှုရမှာပါ။
မထင်မှတ်ဘဲ မမခက်ရဲ့ အတိတ်ကို သိလိုက်ရတဲ့အချိန်မှာတော့ လူတွေရဲ့ အမှောင်ဘက်ခြမ်းကို သတိပြုမိစေပြီး အံ့ဩတုန်လှုပ်ရပါတယ်။
မာခ့်တွိန်းရဲ့ “လူတစ်ယောက်ချင်းဟာ အမှောင်ဘက်ခြမ်း ရှိနေတဲ့ လတစ်စင်းစီပဲ” ဆိုတဲ့ စကားလိုမျိုး၊ ထိုအခြေအနေဆိုးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ မမခက်ကိုပါ လေးစားအားကျမိစေမှာပါ။
ဇာတ်လမ်းအစကနေ အဆုံးထိ “စောင့်နေမယ်လို့ မပြောလိုက်ဘူး…” ဆိုတဲ့ စာအုပ်ခေါင်းစဉ်အတိုင်း ဘယ်သူ့ကို ပြောချင်တာလဲဆိုတာ စိတ်ဝင်စားစွာ ဖတ်ရှုရမှာဖြစ်ပြီး၊
အဆုံးသတ်ရောက်မှသာ သိခွင့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ တစ်စုံတစ်ယောက်ကို စောင့်ရတဲ့အလုပ်က အပင်ပန်းဆုံးဖြစ်တာကြောင့်၊ စောင့်နေမယ်လို့ ကတိစကားမဆိုခဲ့တဲ့ ထိုအမျိုးသမီးရဲ့ ခံစားချက်ကိုပါ
ကိုယ်ချင်းစာမိစေပါတယ်။
ဆရာမဂျူးရဲ့ စာအုပ်တွေမှာပဲ ရနိုင်တဲ့ ကိုယ်ပိုင်အယူအဆ၊ အတွေးပေါင်းများစွာနဲ့အတူ ဇာတ်ကောင်တွေရဲ့ အတွေးကမ္ဘာထဲ မျှဝေခံစားရမယ့် စာအုပ်လေးဖြစ်ပါတယ်။