

12,000 Ks
လောကကြီးတစ်ခုလုံး မြူခိုးတွေ ဝေမှိုင်းလို့နေတဲ့ ထူးခြားတဲ့ ညနေခင်းတစ်ခု...။
တံတားတစ်ဖက်ကမ်းက မြင်ကွင်းတွေ၊ ထက်အောက်ဝဲယာက သစ်ပင်တွေနဲ့
တံတားအောက်က ရေပြင်ကျယ်...။
သီးခြားစီရှိနေတဲ့ အရာအားလုံးကို ဒီမြူခိုးတွေကပဲ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးထားသလို၊
ရှူရှိုက်လိုက်တဲ့ လေထုထဲမှာတောင် ထူးခြားတဲ့ အရသာတစ်ခု ကပ်ပါလာသလိုမျိုး ခံစားရစေပါတယ်။
နေဝင်ရိုးရီ အနောက်တောင်ထောင့်မှာ တိမ်တောက်ပြီး ဝင်သွားတဲ့ ညတိုင်းဟာ ဒီရွာကလေးကို အစောကြီး အိပ်စက်စေခဲ့ပါတယ်။
ဒါပေမဲ့ နောက်နေ့မနက် ရောက်တာနဲ့... တစ်ရွာလုံးကို အုန်းအုန်းထသွားစေမယ့် ကားဟွန်းသံအကျယ်ကြီးကို ကြားရပါလိမ့်မယ်။
ရွာသားတွေအားလုံးဟာ အထုပ်အပိုးကိုယ်စီနဲ့ ရွာထိပ်ကို အလုအယက် ပြေးကြရတော့တာပေါ့။
ရွာထိပ်မှာတော့ အသက်ကြီးရင့်လှပြီဖြစ်တဲ့ ကားဆရာမောင်းနှင်ပြီး ထောင်ထောင်မောင်းမောင်းနဲ့ စကားပြတ်ပြတ်ပြောတတ်တဲ့
စပယ်ယာပါဝင်တဲ့ ကားအိုကြီးတစ်စင်းက အသင့်စောင့်ကြိုနေပါတယ်။
လူတွေစုံပြီဆိုတာနဲ့ ယာဉ်နောက်လိုက်က သူ့အိတ်ကပ်ထဲက စာရွက်တစ်ရွက်ကို ထုတ်လိမ့်မယ်။
အဲဒီစာရွက်တစ်ရွက်ဟာ... တစ်ရွာလုံးရဲ့ ကံကြမ္မာကို ချုပ်ကိုင်ထားတဲ့ စာရွက်ပါပဲ။
စာရွက်ပေါ်က နာမည်တွေကို ဖတ်ပြပြီးတာနဲ့ ကားကြီးကတော့ မောင်းထွက်သွားမှာပါ။
ဒီနေရာမှာ လိုက်ခွင့်ရတဲ့သူတွေ ရှိသလို၊ လိုက်ခွင့်မရဘဲ ကျန်ရစ်ခဲ့သူတွေလည်း ရှိပါလိမ့်မယ်။
"အလင်းမြို့" ဆီကို ဦးတည်မယ့် အဲဒီကားအိုကြီးပေါ်က တချို့ထိုင်ခုံတွေဟာ... လူတိုင်းအတွက် မဟုတ်မှန်း ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ
သင် သဘောပေါက်လာပါလိမ့်မယ်။
အကယ်၍များ... ကျွန်တော်တို့ ကိုယ်တိုင် လိုက်ခွင့်မရှိတဲ့ အဲဒီကားအိုကြီးကို ငေးကြည့်နေရတဲ့အခါမျိုးမှာတော့...
တစ်ယောက်လက်ကိုတစ်ယောက် တွဲထားရင်း၊ မျက်ရည်ဝဲရုံကလွဲလို့ ဘာမှမတတ်နိုင်တဲ့ ခံစားချက်ကို ထပ်တူကျကျ ခံစားရမှာပါ။
သူ့ရဲ့ နာမည်ခေါ်သံ အဆုံးမှာ ကိုယ်စီသိခွင့်ရမယ့် အလှည့်အပြောင်းတွေနဲ့... စာရေးဆရာ သိုးဆောင်းရဲ့
"အလင်းမြို့" ဆိုတဲ့ ဒီစာအုပ်က စာဖတ်သူကို ဆွေးမြေ့စရာ ဇာတ်လမ်းတစ်ပုဒ်ဆီ ဆွဲခေါ်သွားပါလိမ့်မယ်။